Header Ads

ဆေးကြောင်ပြီးနေအိမ်မီးရှို့ရာမှ ဇနီးနှင့် ကလေးနှစ်ဦး သေဆုံး

ဆေးကြောင်ပြီးနေအိမ်မီးရှို့ရာမှ ဇနီးနှင့် ကလေးနှစ်ဦးသေဆုံး


04-Dec-2017

ကျိုင်းတုံ၊ ဒီဇင်ဘာ ၎

မူးယစ်ဆေးကြောင်နေသည့် အိမ်ထောင်ရှင် အမျိုးသားက မိမိနေအိမ်ကို မီးရှို့ရာမှ ဇနီးနှင့် ကလေးငယ်နှစ်ဦး မီးလောင်သေဆုံးမှု ဒီဇင်ဘာ ၃ ရက်၊ ညနေ ၅ နာရီခန့်က ရှမ်းပြည်နယ်၊ တုံတာမြို့၊ ပန်နောင်လုံရွာတွင် ဖြစ်ပွားခဲ့သည်။


တုံတာနယ်မြေရဲစခန်း စခန်းမှူးရဲအုပ်ဝင်းညွန့်က “ကောင်လေးက ဆေးကြောင်ပြီး အိမ်ကိုမီးရှို့တဲ့အတွက် သူ့မိန်းမနဲ့ ကလေးနှစ်ဦး သေဆုံးခဲ့တယ်။ သူက ထွက်ပြေးနေလို့ လိုက်ရှာခဲ့တာမှာ ဒီမနက် ၁၀ နာရီက ရွာနားမှာ သူ့ဗိုက်ကို ဓားနဲ့ထိုးပြီး သေကြောင်းကြံခဲ့တယ်။ စိုးရိမ်ရလို့ ကျိုင်းတုံဆေးရုံကို သွားကုနေတယ်" ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ပေ ၂၀ ပတ်လည် သွပ်မိုး၊ သက်ကယ်ကာ၊ ကြမ်းခင်းနေအိမ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၁ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

မိမိနေအိမ်ကိုမီးရှို့ကာ ဇနီးနှင့်သားသမီးများ မီးလောင်သေဆုံးမှုနှင့် ပတ်သက်၍ အသက် ၂၇ နှစ်အရွယ် ကျလို့ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၄၃၆/၃၀၄-က အရ အမှုဖွင့်ထားပြီး မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့၍ ထပ်မံ အရေးယူမည်ဖြစ်ကြောင်း တုံတာနယ်မြေရဲစခန်းထံမှ သိရသည်။

The Voice
#TZO

No comments

Note: Only a member of this blog may post a comment.