Header Ads

NLD နှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ပါတီပူးပေါင်းမည်ဆိုသည့်သတင်း အံ့အားသင့်ဖွယ်ထွက်ပေါ်

NLD နှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ပါတီပူးပေါင်းမည်ဆိုသည့်သတင်း အံ့အားသင့်ဖွယ်ထွက်ပေါ်

နေပြည်တော်၊ ၂ ဒီဇင်ဘာ


အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် ယခင်အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှစ်ပါတီ ပူးပေါင်းတော့မည်ဆိုသည့် သတင်းများ အံ့အားသင့်ဖွယ် ထွက်ပေါ်နေကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
ယမန်နေ့က စတင်ကျင်းပနေသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသကဲ့သို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးလည်း တက်ရောက်နေသည်ဖြစ်ရာ တရုပ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာ့အရေး သုံးပွင့်ဆိုင် ဆွေးနွေး ပွဲအပြီး အထက်ဖော်ပြပါသတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်း သတင်းများကဆိုသည်။
သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ တရုပ်ကွန်မြူနစ်ပါတီက တစုံတရာ သတင်းထုတ်ပြန်ခြင်း မပြုပဲ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပသည့် တရုတ် ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့ပါတီစုံ အဆင့်မြင့် တွေ့ဆုံပွဲ ဖွင့်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးဧည့်သည် တော်အဖြစ် မိန့်ခွန်းပြောကြားသည့် သတင်းနှင့် သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့၏  နှစ်နိုင်ငံထိပ်သီး ဆွေးနွေးပွဲသတင်းများကိုသာ ဖော်ပြထားသည်ကို တွေ့ရသည်။
မူဝါဒတူညီခြင်းမရှိသည့် ထိပ်သီး နှစ်ပါတီ ပူးပေါင်းမည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ နှစ်ပါတီ ပြောရေး ဆိုခွင့်ရှိသူများအား ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ယခုအချိန်အထိ ဆက်သွယ်၍ မရရှိသေးပေ။
ယင်းသို့သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများ၏ အမြင်သဘော ထားများ ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း မဖြစ်နိုင်ပါ ဆိုသည့် မှတ်ချက်ကို တညီတညွတ်တည်း ပြုခဲ့ကြသည်။
သို့သော် နိုင်ငံရေးဆောင်းပါများ အစဉ်တစိုက်ရေးသားနေသူ ဦးကြည်ဇော် ကမူ “ ဒေါ်စုက ငြိမ်းချမ်းရေး အတွက် အရမ်း အလျှင်စလိုဖြစ်နေတော့ မဖြစ်နိုင်ဘူး မပြောရဲဘူး။ နိုင်ငံရေးမှာ ဘာမဆို ဖြစ်နိုင်တယ်လေ” ဟု မှတ်ချက်ပြုပြောသည်။
ယခုကဲ့သို့ နှစ်ပါတီ ပူးပေါင်းမည့် သတင်းမထွက်ပေါ်မီက အူမကြီးကင်ဆာရောဂါကြောင့် သမ္မတဦးထင်ကျော် အနားယူမည့် သတင်းများထွက်ပေါ်နေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပိုမို၍ ဖက်ဒရယ်ဆန်ပြီး တိုင်း ရင်းသားလက်နက်ကိုင်များ လက်ခံနိုင်ဖွယ်ရှိသည့် အခြေခံဥပဒေ ပြင်ဆင်းရေးအတွက် သမ္မတ ဦထင်ကျော် အနားယူပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူးကို ဆက်ခံမည်ဆိုသည့် သတင်းများ ထွက်ပေါ် ခဲ့သေးသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သာမက ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဆောင်သည့် အဖွဲ့သည်လည်း ပေကျင်းမြို့ရှိ တရုပ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် တည်းခိုနေ ကြောင်း သတင်းရရှိသည်။
သတင်း- သန်းတိုးအောင်
The Voice Of Myanmar News

No comments

Note: Only a member of this blog may post a comment.