ထောက်ကြန့်မြို့ ရဲစခန်းအနီးရှိ စားသောက်ဆိုင်တွင် ရိုက်နှက်ခံရသည့် ဆရာတော်မှာ သံဃာအစစ်အမှန်ဖြစ်ပြီး အတင်းအကျပ် ခံဝန်ထိုးခိုင်းခံခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ပုသိမ်ပစ္ဆိမာရုံကျောင်း ဆရာတော်ကြီးနှင့် ကာယကံရှင် ဆရာတော် အပါအ၀င် သံဃာတော်များ သတင်းစာရှင်းလင်း
ထောက်ကြန့်မြို့ ရဲစခန်းအနီးရှိ စားသောက်ဆိုင်တွင် ရိုက်နှက်ခံရသည့် ဆရာတော်မှာ သံဃာအစစ်အမှန်ဖြစ်ပြီး အတင်းအကျပ် ခံဝန်ထိုးခိုင်းခံခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ပုသိမ်ပစ္ဆိမာရုံကျောင်း ဆရာတော်ကြီးနှင့် ကာယကံရှင် ဆရာတော် အပါအ၀င် သံဃာတော်များ သတင်းစာရှင်းလင်း
ကာယကံရှင် ဆရာတော်ဘဒ္ဒန္တဣန္ဒက္ဒနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ပုသိမ်ပစ္ဆိမာရုံကျောင်း ဆရာတော် အပါအ၀င် သံဃာတော်များ ရှင်းလင်းနေစဉ် (ဓာတ်ပုံ – ကျော်ဇင်ဖြိုး)
ထောက်ကြန့်မြို့ ရဲစခန်းအနီးရှိ စားသောက်ဆိုင်တွင် ရိုက်နှက်ခံရသည့် ဆရာတော်ဘဒ္ဒန္တဣန္ဒက္ဒ (ဓမ္မစရိယ) သည် သံဃာအစစ်အမှန်ဖြစ်ပြီး အတင်းအကျပ် ခံဝန်ထိုးခိုင်း ခံခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ ပုသိမ်ပစ္ဆိမာရုံကျောင်း ဆရာတော် ဦးခေမိန္ဒနှင့် ကာယကံရှင်ဆရာတော် ဆရာတော် ဘဒ္ဒန္တဣန္ဒ (ဓမ္မစရိယ) အပါအ၀င် သံဃာတော်များ ရှင်းလင်းခဲ့ကြသည်။
အဆိုပါ အကြမ်းဖက်ခံရသော ဆရာတော်ဘဒ္ဒန္တဣန္ဒက (ဓမ္မစရိယ) ၏ ဖြစ်ရပ်မှန်များအား သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်းရှိ ‘သမ္မတ’ နိဗ္ဗာန်ကုန်နှင့် သင်္ကန်းတိုက် အပေါ်ထပ် ငါးလွှာတွင် ဒီဇင်ဘာ ၄ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ပုသိမ်ပစ္ဆိမာရုံကျောင်း ဆရာတော် ဦးခေမိန္ဒနှင့် ကာယကံရှင် ဆရာတော်ဘဒ္ဒန္တဣန္ဒက(ဓမ္မစရိယ) အပါအ၀င် သံဃာတော် အပါး ၅၀ ခန့် ကြွရောက်ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး ကော်မတီက စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
“ဆရာတော်ကြီးရဲ့ ရင်ဖွင့်ချက်အရ ဦးပဉ္ဇင်းတို့ သိရတာက ၂၈ ရက်မှာ ဆရာတော်ကြီးဟာ ပါသွားတဲ့ ငွေခုနစ်သိန်းထဲက နှစ်သိန်းကို ကမ္ဘောဇဘဏ်မှာ အပ်ပါတယ်။ ငါးသိန်းဟာ ဆရာတော်ဘုရားကြီးရဲ့ တပည့်တစ်ပါး ပူဇော်ပွဲလုပ်ဖို့ ဆိုပြီးတော့ ဆရာတော်ကြီးက အမိန့်ရှိပါတယ်။ ဒီငွေနှစ်သိန်း အပ်နှံပြီးတော့ ဆရာတော်ဘုရားကြီးရဲ့ အစာအိမ်ရောဂါကြောင့် မင်္ဂလာရွှေအုပ်ဘူးလေးကို ကိုင်ပြီး ဗိုက်အောင့်နေတဲ့အတွက် ငါဆေးသောက်ချင်လို့ ရေနွေးပေးပါဆိုပြီး ဆိုင်ထဲကို ၀င်သွားပြီးတော့ လိုက်သွားပါတယ်။
လိုက်သွားပြီးတော့ ဆိုင်ဝန်ထမ်းဖြစ်တဲ့ အမျိုးသားငယ် တစ်ယောက်က စကားပြန်မပြောဘဲနဲ့ သူ့ဟာသူ နောက်ဖေး ကောင်တာထဲကို ၀င်သွားပါတယ်လို့ ဆရာတော်ဘုရားကြီးက အမိန့်ရှိပါတယ်။ နောက်ဖေးကောင်တာထဲ ၀င်သွားတဲ့ အချိန်မှာ ရိုးသားလှတဲ့ ဆရာတော်ဘုရားကြီးဟာ ဒါငါ့ကို ရေနွေးပေးဖို့ ဖြစ်မှာပဲလို့ အထင်နဲ့ နောက်ယောင်ခံပြီး နောက်ကနေ လိုက်သွားမိပါတယ်။
အဲဒီအချိန်မှာပဲ ဘယ်သူဘယ်ဝါမသိ ဆိုင်ခန်းအတွင်းကနေ ဘုန်းကြီးနဲ့ အရက်ဆိုင်နဲ့ ဘာဆိုင်လို့လဲ ဒီဘုန်းကြီးက အရက်သမား ဘုန်းကြီးလား ဘုန်းကြီးအတုကွ ဖမ်းကွာ၊ ရိုက်ကွာလို့ အော်သံကို ကြားလိုက်တဲ့ အချိန်မှာ ဆရာတော်ဘုရားက ငါတော့မဖြစ်ဘူးဆိုပြီး ကြောက်လန့်ပြီးတော့ ဆိုင်ရဲ့နောက်ကို ပြန်လှည့်ပြေးပါတယ်။ အဲဒီလိုပြေးတဲ့ အချိန်မှာ ဆိုင်ရှင်က အထွက်မခံတော့ဘဲနဲ့ တစ်ခါတည်း ဆွဲဖမ်းပြီးတော့ အဲဒီမှာစပြီးတော့ အကြမ်းဖက်ပါတယ်။ နှိပ်စက်ပါတယ်။
ဒါတကယ်တော့ဖြင့် အားလုံးသိထားတဲ့အတိုင်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ မူဗီဖိုင်ဟာ တစ်မိနစ် သာသာလေးပဲ ရှိပါတယ်။ ဆရာတော်ဘုရားကြီး တကယ်တမ်း အကြမ်းဖက်ခံရတာသည် ဆရာတော် ဘုရားကြီး ပြောပြချက်အရဆိုရင် နေ့လယ် ၁၂ နာရီခွဲ၊ ၁ နာရီလောက်ကစပြီးတော့ ညနေ ၄ နာရီလောက် ထိအောင် ဖြစ်ပါတယ်။ အဲဒီလို အနှိပ်စက်ခံရတဲ့ အချိန်မှာ အများသိသလို နောက်က တစ်ယောက်ကချုပ် ရှေ့ကတစ်ယောက်က ပါးကို ဘယ်ပြန်ညာပြန်ရိုက် အားလုံးသိထားတာက တရားခံ နှစ်ယောက်တည်းပါ။ သို့သော်ငြားလည်း တကယ်တော့ တရားခံဟာ သုံးယောက်ပါ။
ဆရာတော်ဘုရားကြီးရဲ့ ခြုံထည်နဲ့ လည်ပင်းကိုရစ်ပြီး ဆွဲဆောင့်တယ်။ ရိုက်တယ်။ နှက်တယ်။ ဆရာတော် ဘုရားကြီးက မင်းတို့ ငါ့ကိုမနှိပ်စက်ပါနဲ့ ငါအပြစ်ရှိတယ်ဆို သက်ဆိုင်ရာကိုပို့လို့ ပြောသော်လည်း မပို့ဘဲ အချိန်ကြာအောင် ညှဉ်းပန်းနှိပ်စက်ပြီး ဆိုင်ပိုင်ရှင်က ဖုန်းဆက်ပါတယ်။ ဘယ်ကို ဖုန်းဆက်တယ်ဆိုတာ အဲဒီတုန်းက မသိရပေမယ့် မြို့နယ်သံဃနာယက ဆိုတာကို အခုနောက်ပိုင်း သိလာရပါတယ်။
အဲဒီဆရာတော်ကို ဖုန်းဆက်တော့ ဒကာနဲ့ ဘုန်းကြီးသုံးပါးလောက် ရောက်လာပြီးတော့ ဆရာတော်ကိုလာပြီး ခေါ်သွားပါတယ်။ လာခေါ်တဲ့ ကားပေါ်ပါသွားပြီး ဘယ်အရပ် ဘယ်ဒေသဆိုတာ ဆရာတော်ကြီး မသိပါဘူး။ ရောက်သွားတဲ့ ကျောင်းမှာပဲ အရန်သင့် စောင့်ဆိုင်းနေတဲ့ ဒါယကာ၊ ဒါယိကာမတွေကလည်းပဲ ဆရာတော်ဘုရားကြီးရဲ့ အဖြစ်မှန်ကို မေးမြန်းခြင်း၊ စုံစမ်းခြင်း မရှိဘဲ အရက်သောက်တဲ့ ဘုန်းကြီးပဲ ခံရမှာပေါ့လို့ ၀ိုင်းဝန်းပြီး အပြစ်ပုံချနေတာကို ဆရာတော်ကြီးက ခံခဲ့ရပါတယ်။
အဲဒီအချိန်မှာ စာရေးသားနေပြီးတော့ စာရွက်ပေါ်မှာ လက်မှတ်ထိုး ဆိုပြီးတော့ အားလုံးလည်း တွေ့ပါလိမ့်မယ်။ အွန်လိုင်းပေါ်မှာလည်းပဲ ဆရာတော်ဘုရားကြီးရဲ့ ခံဝန်ဆိုတာနဲ့ ခုနကပြောတဲ့ သတင်းမီဒီယာသမားတွေက ဒါကိုပဲ လက်ညှိုးထိုးပြီးတော့ အရက်ဆိုင်မှာ အရက်ဝယ်တယ်ဆိုပြီး လုပ်နေကြတာ ဖြစ်ပါတယ်။ ခံဝန်ကို အားလုံးလေ့လာပါ။ ဦးပဉ္ဇင်းတို့လည်း မေးမြန်း စုံစမ်းပြီးပါပြီ။ အဲဒီခံဝန်မှာ ရဲဘယ်သူ ပါလဲဆိုတော့ ရဲဘယ်သူမှ မပါပါဘူး။ အုပ်ချုပ်ရေးပိုင်း ဘယ်သူပါလဲ ဆိုတော့ အုပ်ချုပ်ရေးပိုင်းကလည်း မပါပါဘူး။ ဒါဆိုရင် ဘယ်သူက ပို့လို့ ဘယ်သူက ရေးလဲဆိုတော့ အရက်ဆိုင်ပိုင်ရှင်က ဘုန်းကြီးကျောင်းကို ပို့လိုက်တယ်။
ဆက်လက်ပြီး စုံစမ်းတော့ အရက်ဆိုင်ပိုင်ရှင်နဲ့ ခံဝန်ထိုးခိုင်းတဲ့ ဘုန်းကြီးနဲ့ဟာ ဆရာဒကာ အရင်းတွေ ဖြစ်နေပါတယ်။ ဒီလိုဆက်နွှယ်မှုတွေ ဖြစ်နေတယ်။ ခံဝန်ထိုးခိုင်းတဲ့ အချိန်မှာ ဘေးနားက ဒကာတစ်ယောက်ကနေ ကိုယ်တော် ဒီဘုန်းကြီးက ပေါ့သေးသေး မဟုတ်ဘူး။ ရန်ကုန်တိုင်း သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘာမှတ်နေလဲလို့ ထပ်ပြီးတော့ ခြိမ်းခြောက်ပါတယ်။ တကယ်တော့ ရန်ကုန်တိုင်း သံဃနာယကဥက္ကဋ္ဌ မဟုတ်ပါဘူး။ အာဏာအလွဲသုံးစားလုပ်တဲ့ သဘောဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့နယ် သံဃနာယက အကျိုးတော်ဆောင် ဖြစ်ပါတယ်။ ခံဝန်ထိုးပြီးတဲ့ အချိန်မှာ ဆရာတော်ကြီးကို ကားနဲ့ ပြန်တင်ခေါ်သွားပြီးတော့ ဆရာတော်ကြီးဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကောင်းကောင်း မမှတ်မိပါဘူး။ အဲဒီအချိန်မှာ ဆရာတော်ကြီး ပြန်ရမှာက ထောက်ကြန့် လမ်းဆုံကနေ လှည်းကူးဘက်ကို ပြန်ရမှာ တင်ခေါ်လာတဲ့ ကားသမားက မှော်ဘီဘက် အထွက်မှာ ဆရာတော်ကြီးကို လမ်းပေါ်ချခဲ့ပါတယ်။
ဆရာတော်ကြီးဟာ ဘယ်ကိုသွားရမှန်း မသိတော့ဘဲ ဟိုမေး၊ ဒီမေး မေးပြီးတော့ ထောက်ကြန့်ဈေးကို ပြန်ရောက်လာပြီးတော့ နေထိုင်ရာ ကျောင်းတိုက်ကို ပြန်ရပါတယ်။ နောက်တစ်နေ့ အချိန်မှာ အရက်ဆိုင်ပိုင်ရှင် လင်မယားနဲ့တကွ လူ ၂၀ လောက်က ကျောင်းကို ၀ိုင်းရံလာပြီး ရောက်လာတဲ့အတွက် ဆရာတော်ဟာ ကျောင်းမှာ မနေရဲတော့ပါဘူး။ နောက်ဆုံးဘိတ် ငါတော့ မဖြစ်ခြေဘူး မနေ့ကလည်း ငါ့ဝိုင်းဝန်းနှိပ်စက်လို့ ငါ့မယ် အ ကြာက်တရားနဲ့ လက်မှတ်ထိုး ဆိုလို့လည်း ထိုးခဲ့ရပြီးပြီ။ ခံဝန်ထိုးခိုင်းချိန်မှာ ငါတော့မဖြစ်ဘူး။
ဒီအတိုင်းဆိုရင် ဒီထက်ခြိမ်းခြောက်ရင်တော့ င့ါအသက် သေတော့မှာပဲ ဆိုပြီးတော့ အသက်ရှင်ရေး ဦးစားပေးပြီးတော့ အကြောက်တရား ကြီးမားစွာနဲ့ လက်မှတ်ထိုးခဲ့ရပါတယ်” ဟု ကာယကံရှင် ဆရာတော်၏ အဖြစ်အပျက်ကို ရှင်းလင်းပွဲသို့ တက်ရောက်လာသော ဓမ္မပါလ ဆရာတော် ဦးဣန္ဒာဝုဒက ရှင်းလင်း မိန့်ကြားခဲ့သည်။
အဆိုပါ ခံဝန်စာသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသောကြောင့် ပြန်သိမ်းပေးရန်နှင့် ပြန်ရလိုကြောင်း တောင်းဆိုထားရာ ထောက်ကြန့်မြို့၊ နယ်မြေရဲစခန်းမှ စခန်းမှူးက အချိန်အနည်းငယ် စောင့်ဆိုင်းရန် ပြောကြားသော်လည်း လက်ရှိအချိန်ထိ လက်ဝယ်ရရှိခြင်း မရှိသေးကြောင်း ဓမ္မပါလ ဆရာတော် ဦးဣန္ဒာဝုဒက ထပ်မံမိန့်ကြားသည်။
ဆရာတော်ဘုရားကြီး သတင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းစာ၊ ဂျာနယ်စာမျက်နှာများနှင့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် လွဲမှားသည့် ရေးသားချက်များ ဖြစ်ပေါ်ခဲ့ပြီး ထိုသို့ရေးသားမှုများ ထပ်မံဖြစ်ပေါ်လာပါက တရားဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရမ်းဗြဲမြို့နယ်အသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌဦးစိုးဝင်းက ပြောကြားသည်။
ရိုက်နှက်ခံရသည့် ဆရာတော် ဆရာတော်ဘဒ္ဒန္တဣန္ဒက္ဒ (ဓမ္မစရိယ) သည် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျက်သရေရွာ ဇာတိဖြစ်ပြီး ၁၃၂၅ ခုနှစ်တွင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ စတင်ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။ ကျက်သရေရွာ သိမ်တောင်ကျောင်းတိုက်၊ မြောင်းမြမြို့ ပဇ္ဇောတာရုံ ကျောင်းတိုက်၊ ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်၊ ပုသိမ်မြို့ ပစ္ဆိမာရုံ ကျောင်းတိုက်တို့၌ ပညာသင်ကြားခဲ့ပြီး ၁၃၃၁ ခုနှစ်၌ ပုသိမ်မြို့ ပစ္ဆိမာရုံကျောင်းတိုက် ဆရာတော်ကို ဥပ္ပဇ္ဈာယ်ပြု၍ ပစ္ဆိမာရုံခဏ္ဍသိမ်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
writer: စည်သူ
eleven
Post a Comment