နိုင်ငံရေးပါတီများ အစည်းအဝေးသို့ ဖွဲ့စည်းပုံကို ဆန့်ကျင်ပြီး သွားတက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လိုအရေးယူနိုင်သလဲ
#copy
နိုင်ငံရေးပါတီများ အစည်းအဝေးသို့ ဖွဲ့စည်းပုံကို ဆန့်ကျင်ပြီး သွားတက်တဲ့
ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လိုအရေးယူနိုင်သလဲ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နိုဝင်ဘာ ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးသို့ တက် ရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက နိုဝင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ်ပြန် ခဲ့သည်။ ယင်းအစည်းအဝေးမှာ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ အကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ (The CPC in High-Level Dialogue with Political Parties around the World) ဖြစ်ပြီး အဆိုပါ ပါတီခေါင်းဆောင်များအစည်းအဝေးသို့ အစိုးရအဖွဲ့ထိပ်ပိုင်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိအလင်း ချိုးဖောက်ရာ ရောက်နေသည်။
မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၃၂ (ဋ) တွင် “ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသတ်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ” ဟု ပြဌာန်းထားပါသည်။ ၂၀၁၆ ခုနှစ် မတ်လတွင်း နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် လက်မှတ်ဖြင့် ထုတ်ပြန်ထားသည့် အမိန့်အမှတ် ၇/၂၀၁၆ အရ ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးဌာနလေးခု၏ ဝန်ကြီးဖြစ်ခဲ့ပြီး ယခုလက်ရှိ သမ္မတရုံးဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ထို့အပြင် ဖွဲ့စည်းပုံတွင်မပါရှိသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟူသည့် ရာထူးကို ထပ်မံရယူထား ကာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် ပြည်ထောင်စုအင်္ဂါစဉ်တွင် အဆင့် (၂) နေရာရယူထားပြန်သည်။ သို့ဖြစ်ရာ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD မှ လုပ်ငန်းအားလုံးကို တရားဝင်ရပ်နားရမည်ဖြစ်သည်။
တရုတ် ကွန်မြူနစ်ပါတီနှင့် ပြည်ပ နိုင်ငံရေးပါတီများအကြား ပြုလုပ်မည့် အစည်းအဝေးသည် ပါတီဆိုင်ရာ အစည်းအဝေးသက်သက်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေး ဌာနမှ NLD ပါတီကိုသာမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး ပါတီပေါင်း (၂၀၀)ကျော်ကို ဖိတ်ကြားထားကာ ဒေါ်အောင်ဆန်းစုကြည်မှ အခြားပါတီဥက္ကဌများ နှင့် တန်းတူ NLD ဥက္ကဌအနေဖြင့် တက်ရောက်မည်ဟု NLD အသိုင်းအဝိုင်းမှ ပြောဆိုမှုများ ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားသော်လည်း ပါတီမှ တရားဝင်နုတ်ထွက်ခြင်း လုံးဝ မရှိသေးပေ။ ပါတီခေါင်းဆောင်များနှင့် အမြဲလိုလို ဆက်သွယ်မှု များရှိပြီး ပါတီကို ထိန်းချုပ်နေဆဲဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။
ထိုသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းကိုယ်တိုင်က စံပြအဖြစ် ဥပဒေများကို လိုက်နာ ရမည့်အစား ကိုယ်တိုင် ဥပဒေကိုချိုးဖောက်ရာ ရောက်နေသည်။ လက်ရှိမြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု အားနည်းနေခြင်းများမှာ အစိုးရအဖွဲ့ကို ဦးဆောင်နေသူကိုယ်တိုင်က ဥပဒေများကို အတိအလင်း ချိုးဖောက်နေခြင်းက အိမ်ခေါင်မိုးမလုံသဖြင့် အောက်တွင်လည်း မိုးယိုနေခြင်းဖြစ်ကြောင်း ဝေဖန်မှု များ ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကိစ္စအား တရုတ်ခရီးစဉ်မှအပြန် ဖြေရှင်း ရဖွယ်ရှိပြီး လိုအပ်ပါက ရာထူးမှ သိက္ခာရှိရှိ နုတ်ထွက်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၃။(က)(၂) အရ စွပ်စွဲပြစ်တင်ခံရဖွယ်ရှိပြီး ၎င်းလက်ရှိ ယူထားသော ရာထူး တာဝန်များမှ ရပ်စဲခံရနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။
ဒေါက်တာအောင်မိုး
Credit..>>

Post a Comment