ဇန်နဝါရီ ၃၁ရက်နေ့လပြည့်နေ့
>>>လငပုပ်ဖမ်းမည်<<<
တပို့တွဲလပြည့်နေ့ (၂၀၁၈ ဇန်နဝါရီလ ၃၁ ရက်) ညနေခင်းနဲ့ ညဦးပိုင်းအချိန်တို့မှာ လငပုပ်ဖမ်းခြင်း (လကြတ်ခြင်း) ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ တွေ့မြင်ရမှာဖြစ်ပါတယ်။ "ကြတ်" တယ်ဆိုတာ ပုန်းကွယ်ခြင်း (သို့) ဖုံးကွယ်သွားခြင်း ကို ဆိုလိုပါတယ်။ နေကြတ်တယ်ဆိုတာ နေမင်းဖုံးကွယ်သွားတာဖြစ်ပြီး.. လကြတ်တယ်ဆိုတာ လမင်း ပုန်းကွယ်သွားတာ ဖြစ်ပါတယ်။
နေကြတ်ခြင်းဟာ လကွယ်နေ့များမှာသာ ဖြစ်တတ်ပြီး.. လကြတ်ခြင်းကတော့ လပြည့်ညများမှာသာ ဖြစ်တတ်ပါတယ်။ တနည်းအားဖြင့်.. နေ၊ ကမ္ဘာ နဲ့ လတို့ တတန်းတည်းအနေအထား ဖြစ်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။
ဒါပေမယ့်.. လဟာ ကမ္ဘာကိုပတ်နေတဲ့ လမ်းကြောင်းမှာ ၅ ဒီဂရီခန့် တိမ်းစောင်းနေသလို ကမ္ဘာကလည်း နေကို တသတ်မတ်တည်း (၂၃.၅ ဒီဂရီ) တိမ်းစောင်း လှည့်ပတ်နေတဲ့အတွက် နေကြတ်၊ လကြတ်ခြင်းဟာ အမြဲ (လစဉ်လတိုင်း) မဖြစ်ပဲ တစ်နှစ်ကို ၂ ကြိမ် ၃ ကြိမ်ခန့်သာ ဖြစ်နေရခြင်းပါ။
ယခုတခေါက် လကြတ်ခြင်းဟာ ကမ္ဘာရဲ့ တိုက်ရိုက်အရိပ်ရှိတဲ့ Umbra နေရာကို လက ဖြတ်သန်းမှာဖြစ်လို့ လကို အနီရောင်အဖြစ် မြင်တွေ့ရမှာပါ။ မြန်မာနိုင်ငံကတော့ ညဦးပိုင်း လထွက်ချိန်မှာ စပြီး မြင်တွေ့ရမှာပါ။ အတိအကျ ပြောရလျှင်..
ညနေ ၅:၂၂ မှာ လဟာ အရိပ်ဖျော့ (Penumbra) ကို စတင်ဝင်ရောက်မှာဖြစ်ပြီး ည မှောင်ချိန်ဖြစ်တဲ့ ၆:၂၀
လောက်မှာ လဟာ အရိပ်စစ် (Umbra) ထဲကို
စတင်ဝင်ရောက်လာမှာဖြစ်ပါတယ်။
၇:၂၃ မိနစ်မှာ လတစ်ခုလုံး ကမ္ဘာ့အရိပ်ထဲ ကျရောက်မှာဖြစ်ပြီး.. ည ၈ နာရီ တိတိမှာ လကြတ်ခြင်းရဲ့ အမြင့်ဆုံးအမှတ်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ၈:၃၉ မိနစ်မှာ လဟာ အရိပ်ဖျော့ ရှိတဲ့ဘက်ကို ပြန်လည်ထွက်ခွာမှာ
ဖြစ်ပြီး ၉:၄၂ မိနစ်မှာ အရိပ်ဖျော့ထဲကို ပြန်လည်ရောက်ရှိကာ ည ၁၀:၃၉ မိနစ်မှာ လကြတ်ခြင်း ပြီးဆုံးပါမယ်။
လမင်းရောက်ရှိနေမယ့်နေရာကတော့ Cancer လို့ခေါ်တဲ့ ကရကဋ်တာရာဖြစ်ပါတယ်။ တပို့တွဲလပြည့်နေ့ဟာ စူပါမွန်း (ကမ္ဘာနဲ့ လ လမ်းကြောင်းအနီးဆုံး
ရောက်ရှိခြင်း) နဲ့ Blue Moon (တစ်လတည်းမှာ
လပြည့် ၂ ခါထပ်ခြင်း) တို့နဲ့လည်း ထူးထူးခြားခြား
တိုက်ဆိုင်နေပါတယ်။ ဒီတခေါက်လကြတ်ပြီးလျှင်
တပို့တွဲလကွယ်နေ့မှာ နေကြတ်ဦးမှာဖြစ်ပြီး..
မြန်မာနိုင်ငံမှတော့ မြင်တွေ့ရမည် မဟုတ်ပါ။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

Post a Comment