ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားများအလုပ်လုပ်သည့် ဆိုဖာစက်ရုံ မီးလောင်မှုဖြစ်ပွား
ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားများအလုပ်လုပ်သည့်
ဆိုဖာစက်ရုံ မီးလောင်မှုဖြစ်ပွား
====================================
မောင်စိန်ဝင်း
ရန်ကုန် အောက်တိုဘာ ၂၂
======================
ထိုင်းနိုင်ငံရှိ မြန်မာအလုပ် သမားတစ်ထောင်ကျော် အလုပ် လုပ်ကိုင်နေသော ဆိုဖာအလုပ်ရုံ၌ ယနေ့နံနက်အစောပိုင်းက မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ဒေသ စံတော်ချိန် နံနက် ၇ နာရီခန့်က နခွန်ပထုန်မြို့နယ် အုန်းနွဲ့စိုင်းဟရမြန်မာအလုပ်သမား တစ်ထောင်ကျော် အလုပ်လုပ်ကိုင်နေကြသော Lotus ဆိုဖာအလုပ်ရုံ၌ ပြင်းထန်သောမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးငြှိမ်းသတ်ယာဉ်အစီး ၃ဝ မှ မီးသတ် တပ်ဖွဲ့ဝင်အင်အား အမြောက်အမြားအသုံးပြုကာ မွန်းတည့်ချိန်အထိ မီး ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မြန်မာအလုပ်သမားကိုနေမိုးမာန်က''မီးလောင်မှုကြောင့်မြန်မာအလုပ် သမားတွေ တစ်စုံတစ်ရာထိခိုက်မှုတော့ မရှိပါဘူး။ အလုပ်သမားတွေရဲ့ အလုပ်ရုံ တစ်ခြမ်းလုံးတော့ ကုန်လုနီးပါးကုန်သွားပါတယ်။ ထိခိုက်မှု လုံးဝမရှိပါဘူး။ မီးလောင်မှုကညပိုင်းအလုပ်ဝင်နေသူတွေ အဆိုင်းအထွက် လောက်မှာပဲဖြစ်သွားတာပါ။ကျွန်တော်အဲ့ဒီစက်ရုံနားမှာပဲနေပါတယ် '' ဟုပြောသည်။ အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမား ၁ဝဝဝ ကျော်မှာမြန်မာနိုင်ငံသို့ပြန်ပြီးMoU စနစ် ဖြင့်စက်ရုံ၌ပြန်လည်ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည်မှာ တစ်လ ကျော်ခန့်သာရှိသေးကြောင်း၊ အဆိုပါစက်ရုံ၌ဆိုဖာများ၊ အဝတ်အထည် ပိတ်စများ၊ ခြုံစောင်များ၊ မွေ့ရာများ၊ ခေါင်းအုံးများနှင့် အိပ်ရာခင်း မျိုးစုံကို ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိအနေအထားအရ MoU မြန်မာအလုပ်သမားများမှာ လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက် အခက် အခဲကြုံတွေ့လျက်ရှိကြောင်းနှင့် AAC မဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံထားကြောင်း၊ အဆိုပါမီးလောင်မှုဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း AAC မဟာမိတ်အဖွဲ့မှ စုံစမ်းသိရသည်။
Source; union

Post a Comment