မင်းပြားမြို့နယ်မှ ဒုက္ခသည်မဟုတ်သူများကို WFP မှ စားနပ်ရိက္ခာ ထောက်ပံ့နေမှုသည် ဒေသအတွင်း မတည်ငြိမ်မှုကို ဖြစ်နိုင်ဟုဆို

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ဒုက္ခသည်မဟုတ်သည့် ဘင်္ဂါလီကျေးရွာများအား WFP မှ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေမှုသည် ဒေသအတွင်း မတည်ငြိမ်မှု ဖြစ်စေနိုင်သည်ဟု ရခိုင်ကျေးရွာသားများက ပြောကြားသည်။
အောက်တိုဘာလ ၂၅ ရက်နေ့က WFP မှ မင်းပြားမြို့နယ်ရှိ ဘင်္ဂလီ မူဆလင် ရွာများသို့ ရိက္ခာများပို့ဆောင်ရာမှ ဒေသခံ ရခိုင်သားများအကြား မကျေနပ်မှုများ တိုးပွားနေကြောင်း၊ ယခုကဲ့သို့ တစ်ဖက်သတ် လုပ်ရပ်သည် ဒေသအတွင်း လူမျိုးရေး ဘာသာရေး မတည်ငြိမ်မှုဆီသို့ ဦးတည်သွားနိုင်ကြောင်း မင်းပြားမြို့နယ် ခြိတ်တောင်ကျေးရွာမှ ဦးလှသိန်းက ပြောသည်။
“မနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ရိက္ခာလာပို့မယ်လို့ သတင်းရတဲ့ အတွက် ရွာကလူတွေ တားဆီးမှုတွေလုပ်မယ်လို့ လုပ်ထားပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီးတော့ ခွင့်ပြုပေးဖို့ ညွှန်ကြားတယ်လို့ သိရပါတယ်။ အပေါ်ကအမိန့်လို့ ပြောပါတယ်”ဟု မင်းပြားမြို့နယ် ခြိတ်တောင်ကျေးရွာမှ ဦးလှသိန်းက ပြောသည်။
ရိက္ခာများကို လာပို့ရာတွင်လည်း နံနက်ပိုင်းတွင်မဟုတ်ဘဲ ည ၉ နာရီခွဲတွင် ကား ၂ စီးနှင့်လာရောက်ပြီး ဘင်္ဂါလီကျေးရွာများဖြစ်သည့် ဆန်ထိုးတန်းနှင့် သာစည် ကျေးရွာများသို့ ပေးပို့ သွားသည်ဟု ဆိုသည်။
“ဒီဟာက ကယ်ဆယ်ရေးပေးတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ညအချိန်မှာ ရဲတပ်ဖွဲ့ဝင် ၅ ယောက်လောက်နဲ့ လာပို့ ပေးသွားတာ့ဖြစ်ပါတယ်။ ဒီလိုလုပ်နေတာဟာ ကျေးရွာသားတွေကို အနိုင်ကျင့် စော်ကားသလိုဖြစ်နေပါတယ်။ အဲ့ဒီလုပ်ရပ်ကို ကျေးရွာသားတွေက မကျေမနပ် ဖြစ်နေကြပါတယ်”ဟု ဦးလှသိန်းက ဆက်ပြောသည်။
အဆိုပါဘင်္ဂါလီကျေးရွာများမှာ ရိက္ခာအခက်အခဲ ကြုံနေရသော ကျေးရွာများ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသား ကျေးရွာများထက် လုပ်စားကိုင်စား အဆင်ပြေနေသော ကျေးရွာများဖြစ်သည်ဟု ၄င်းကဆိုသည်။
သူဌေးကုန်းကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ဦးမောင်သိန်းရွှေကလည်း WFP အနေဖြင့် ဘင်္ဂါလီများအား တစ်ဘက်သတ်ကူညီနေမှုသည် ရခိုင် ကျေးရွာသား များအား မကျေမနပ်ဖြစ်စေပြီး ထိပ်တိုက်တိုးမှုများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။
“မနေ့က ည ၉ နာရီကျော်ကျော်လောက်မှာ WFP က ကား ၄ စီးနဲ့ ထွေအုပ်က ကားတစ်စီးပါဝင်ပါတယ်။ ဆန်ထိုးတန်းနဲ့ သာတော်ရာ ဘင်္ဂါလီကျေးရွာတွေကို သွားပေးတာပါ။ ဘာမှ ပြဿနာမရှိဘဲနဲ့ ညဘက်လာပြီး ခိုကြောင်ခိုးဝှက် သွားပေးစရာ မလိုဘူးလို့ထင်ပါတယ်။ ဒီလိုလုပ်တဲ့အပေါ်မှာ ရခိုင်ကျေးရွာတွေက ရွာသားတွေက မကျေမနပ်ဖြစ်နေကြပါတယ်”ဟု ဦးမောင်သိန်းရွှေက ပြောသည်။
ဘင်္ဂါလီကျေးရွာများအား WFP မှ ရိက္ခာများ ထောက်ပံ့ပေးနေမှုမှာ ယခင်ကအတိုင်း ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး အထက်မှ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။
“မနေ့ကစပြီးပေးတယ်နဲ့တူတယ်။ ပေးနေကျအတိုင်း ပေးနေတာပါ။ ဒါကတော့ အထက်ဌာနရဲ့ ခွင့်ပြုချက်နဲ့ ပေးတာပဲလေ။ ပွင့်ပွင့်လင်းပြောမယ်ဆိုရင် ကျနော်တို့က နိုင်ငံတကာနဲ့ သွားနေရတာလေ။ ကျနော်တို့က ပေးနေတာကို သွားတားလို့ မရဘူးလေ။ လှောင်ပိတ်ပြီးမှ အငတ်ထားလို့ မရဘူးဗျာ၊ နိုင်ငံတကာဆိုတာ ရှိတယ်လေ၊ ကျနော်တို့က နိုင်ငံတကာအမြင်နဲ့ အောက်ခြေမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ကျနော်တို့က လုပ်နေရတာလေ”ဟု မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
၎င်းပြင်သူက ယခုထောက်ပံ့ပေးနေခြင်းသည် WFP က မိမိတို့ တစ်ဖွဲ့တည်းနှင့် သွားရောက် ထောက်ပံ့ပေးနေခြင်းမဟုတ်ဘဲ ခရိုင်၊ ပြည်နယ်နှင့် အထက်ဌာနများမှ ခွင့်ပြုချက်ကို ရယူပြီးမှ ရဲလုံခြုံရေးများနှင့်အတူ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ လိုက်ပါစောင့်ကြပ်မှုဖြင့် ပေးနေခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် မောင်တောဒေသ၌ သြဂုတ်လ ၂၅ ရက်နေ့က စတင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် ဖြစ်စဉ်များ ဖြစ်ပွားချိန်မှစ၍ နိုင်ငံတကာ အဖွဲ့အစည်း များက ဘင်္ဂါလီကျေးရွာများအား ထောက်ပံ့နေမှုများကို ရပ်ဆိုင်းထားခဲ့ရပြီး ယခုအခါ WFP သည် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ပေးအပ်နေခြင်းဖြစ်သည်ဟု သိရသည်။
နိုင်ငံတကာ အဖွဲ့အစည်းများက ဘင်္ဂါလီကျေးရွာများကိုသာ တစ်ဘက်သတ် ထောက်ပံ့ပေးနေမှုအပေါ် ဒေသခံတိုင်းရင်းသားများက မကျေမနပ်ဖြစ်နေကြပြီး ယင်းသို့ပေးနေမှုများကို ရပ်တန့်ပေးရန် မင်းပြားမြို့တွင် ဇူလိုင်လက ဆန္ဒပြမှုများ ရှိခဲ့သည်ဟု လေ့လာသိရှိရသည်။
ရခိုင်ပြည်နယ် မေယူတောင်တွင် ခိုအောင်းနေသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ စခန်းများကို တပ်မတော်မှ ယခုနှစ် သြဂုတ်လအတွင်းက ၀င်ရောက်စီးနှင်းစဉ် WFP မှ ထောက်ပံ့သည့် ဆန်နှင့် ဘီစကွက်မှုများကို တွေ့ရှိခဲ့မှုများ ရှိခဲ့သဖြင့် အစိုးရပိုင် သတင်းစာများတွင်ပင် ၎င်းပစ္စည်းများကို ဓာတ်ပုံများနှင် တစ်ကွ ဖော်ပြသည် အထိ ဖြစ်ခဲ့ရသည်။
(စစ်တွေတွင် နိုင်ငံတကာအန်ဂျီအိုများအား ကန့်ကွက်ဆန္ဒပြနေသည်ကို ယခုနှစ် သြဂုတ်လ အတွင်းကတွေ့ရစဉ်)
Source; NarinJara

Post a Comment