ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပေါ် တပ်မတော်မှ သဘောထားထုတ်ပြန်
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပေါ် တပ်မတော်မှ သဘောထားထုတ်ပြန်လိုက်ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ရောက်ရှိနေထိုင်ကြသော အစွန်းရောက်ဘင်္ဂါလီအချို့၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မကြာသေးမီရက်ပိုင်း ကာလများအတွင်း နိုင်ငံတကာ အဖွဲ့အစည်းအချို့၊ ပြည်ပနိုင်ငံအချို့နှင့် ပြည်ပသတင်းဌာနတစ်ချို့တို့မှ မှန်ကန်မှုမရှိသည့် သတင်းအချက်အလက်များအပေါ်တွင် အခြေခံထားသည့် သတင်းထုတ်ပြန်မှုများနှင့် မြန်မာနိုင်ငံအပေါ် ပြစ်တင်စွပ်စွဲပြောဆိုမှုများရှိခဲ့ပါသည်။ အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ARSA ဦးဆောင်သည့် အစွန်းရောက်ဘင်္ဂါလီအင်အား ၄၀၀၀ ခန့်က ကြိုတင်စီစဉ်ပြင်ဆင်၍ ရဲကင်းစခန်း ၃၀ခု နှင့် တပ်ဌာနချုပ် ၁ ခုကိုတစ်ချိန်တည်း၊ တစ်ပြိုင်တည်းအင်အားသုံး အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သကဲ့သို့ ယင်းဖြစ်စဉ်၏ နောက်ကွယ်တွင် လွန်စွာရှုပ်ထွေးသည့် အခြေအနေများ၊ သမိုင်းနောက်ခံအကြောင်းအရာ အချက်အလက် များစွာရှိသည်ကို ဦးစွာလေ့လာသိရှိရန် လိုအပ်ပါသည်။
၂။ ရခိုင်ပြည်နယ်ရှိဘင်္ဂါလီများ၏ နောက်ခံသမိုင်းနှင့်ပတ်သက်၍ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် ထိုစဉ်ကအိန္ဒိယနိုင်ငံ၊ ဘင်္ဂလားနယ်မှ ဘင်္ဂါလီ လူမျိုးများစွာအား ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ စေခိုင်းရန်ခေါ်ယူခဲ့ရာမှ အခြေချနေထိုင်ခဲ့ကြပြီး လူဦးရေတိုးပွားလာခြင်း၊ ယင်းဘင်္ဂါလီများက ဒေသခံ ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြို၊ ခမီနှင့် မရမာကြီး တိုင်းရင်းသားများကို တိုက်ခိုက် မောင်းထုတ်၍ ၎င်းတို့ပိုင်နက် နယ်မြေဖြစ်အောင် ကြိုးစားလုပ်ဆောင်လာခြင်းကြောင့် ရခိုင်-ဘင်္ဂါလီပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ခြင်း၊ ၁၉၄၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အလယ်သံကျော်အရေးအခင်းတွင် ရခိုင်တိုင်းရင်းသား ကျေးရွာများစွာပျက်စီးခဲ့ပြီး ရခိုင်တိုင်းရင်းသားများ သောင်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်း၊ ၎င်းရခိုင်အမည်ဖြင့် ကျေးရွာများတွင် လက်ရှိ ဘင်္ဂါလီလူမျိုးများ နေထိုင်လျက်ရှိခြင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မူဂျာဟစ်လက်နက်ကိုင် သောင်းကျန်းသူများနှင့် ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေးပါတီတို့ စတင်ပေါ်ပေါက်ခဲ့ပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်မြေများအား အာကစ္စတန်(Arkistan)နိုင်ငံ၊ ရိုဟင်ဂျာပြည်နယ်စသည်ဖြင့် ထူထောင်ရန်ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်း၊ မည်သည့် နိုင်ငံတွင်မဆို နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များအား ပြီးပြတ်အောင်လုပ်ဆောင်ပြီးမှသာ နိုင်ငံသားဖြစ်ခွင့် ရှိသူများကို နိုင်ငံသားအခွင့်အရေးများ ပေးအပ်နိုင်မည်ဖြစ်၍ ယင်းဘင်္ဂါလီများအား မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားစိစစ်မှုကိုလက်ခံရန် အကြိမ်ကြိမ်တိုက်တွန်း ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ စိစစ်မှုကို လက်မခံခြင်း၊ ဘူးသီးတောင်၊ မောင်တောဒေသအား ၎င်းတို့၏စည်းရုံးရေးနယ်မြေမှ အခြေခံနယ်မြေ၊ အမာခံနယ်မြေ၊ လွတ်မြောက်ရေးနယ်မြေများအဖြစ် တည်ဆောက်ရန် ကြိုးပမ်းလုပ်ဆောင် လာခြင်းတို့သည် ထိန်ချန်ဖုံးကွယ်ထား၍မရသော သမိုင်းဖြစ်ရပ်မှန်များဖြစ်ပါသည်။
၃။ ယနေ့ပါတီစုံဒီမိုကရေစီခေတ်ကာလ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရခိုင်တိုင်းရင်းသူမသီတာထွေးအား ဘင်္ဂါလီလူမျိုး ၄ ဦးကအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှသည် မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ လားရှိုး၊ ပဲခူးမြို့နယ်များ အထိပျံ့နှံ့သွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ပဋိပက္ခဖြစ်စဉ်များ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဘင်္ဂါလီ အကြမ်းဖက်သမားများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ရဲကင်းစခန်း ၃ ခုအားတစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်အားသုံး ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံး၊ ၅ ဦး ဒဏ်ရာရရှိပြီး လက်နက် ၆၈ လက်နှင့် ခဲယမ်းများအား သိမ်းဆည်းယူဆောင်သွားခဲ့သည့် ဖြစ်စဉ်များတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ကိုရယူပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ချဉ်းကပ်လုပ်ဆောင်ခဲ့ပါသည်။
၎။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ARSA အဖွဲ့မှ ဦးဆောင်သည့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အင်အား ၄၀၀၀ ခန့်က မိုင်းထောင်ဖောက်ခွဲခြင်း၊ ဓား၊ လှံ၊ လက်နက်ငယ်၊ လက်လုပ်မိုင်းများဖြင့် အင်အားသုံး၍ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းများအား စနစ်ကျသော ကွပ်ကဲမှုဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်းလုပ်ဆောင်ခဲ့ပါသည်။ ယင်းနေ့တစ်ရက်တည်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုဖြစ်စဉ် ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး မိမိဘက်မှစစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၁ ဦး၊ ပေါင်း ၁၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၆ လက် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်များထံ ပါရှိသွားခဲ့ပါသည်။ မိမိဘက်မှ ပြန်လည်တိုက်ခိုက်ရာ အစွန်းရောက်ဘင်္ဂါလီ အကြမ်း ဖက်သမား ၂ ဦး အရှင်ဖမ်းမိခဲ့ပြီး အလောင်း ၇၇ လောင်းရရှိခဲ့ပါသည်။
၅။ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြည်ပခရီးစဉ် သွားရောက်နေသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား သွားရောက်တွေ့ဆုံ၍ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမြန်ဆုံးထိန်းသိမ်းလုပ်ဆောင်ရေး တင်ပြဆောင်ရွက်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၅ ရက်နေ့မှစတင်၍ စစ်ဆင်ရေး နယ်မြေသတ်မှတ်ဆောင်ရွက်ခွင့် ပြုခဲ့ပါသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်သမ္မတနှင့် သီးခြားတွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ လမ်းညွှန်မှုများခံယူခဲ့ရာ နိုင်ငံတော်သမ္မတက လုံလောက်သောတပ်အင်အား တိုးမြှင့်ဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသခြံစည်းရိုးအား ခိုင်ခံ့လုံခြုံအောင် ကာရံရေးတို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။ ယင်းဖြစ်စဉ်မတိုင်မီ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် လေ့ကျင့်လုပ်ဆောင်နေကြောင်း သတင်းများအရ တပ်အင်အားတစ်ချို့ဖြင့် နယ်မြေရှင်းလင်းနေခြင်း၊ တပ်အင်အားများ အချိန်မီရောက်ရှိခဲ့ခြင်းတို့ကြောင့် ဘူးသီးတောင်၊ မောင်တောဒေသရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများ၏ အသက်ဆုံးရှုံးမည့်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ တစ်ဖက်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးကျဆုံး၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သူ ၃၇၁ ဦး အသေရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ပါသည်။ ယင်းတို့၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ၇ ဦး၊ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီ ၇ ဦးစုစုပေါင်း ၂၈ ဦးအသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံတိုင်းရင်းသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ နောက်ဆက်တွဲ သတင်းဖော်ထုတ်ချက်များအရ ဘင်္ဂါလီအကြမ်းဖက်သမားများက မောင်တောမြို့နယ် ရဲဘောက်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၀ ကျော်အား အဓမ္မဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းသိရှိရပြီး စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘော်တလာကျေးရွာအနီး၌ သတ်ဖြတ်ခြင်းခံရသည့် ဟိန္ဒူဘာသာဝင်ရုပ်အလောင်း ၄၅ လောင်းအားတူးဖော်ရရှိခဲ့ပါသည်။ တစ်ချို့မှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး တစ်ချို့မှာ တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၆။ ARSA ဦးဆောင်သည့် အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေခံပြည်သူလူထုအား ကာကွယ် စောင့်ရှောက်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကြုံတွေ့ရသည့် အခြေအနေပေါ်မူတည်၍ လက်နက်ကိုင်ပဋိပက္ခ အသွင်ဆောင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ခွဲခြားခြင်း၊ အချိုးအစားညီမျှခြင်း၊ လူသားဆန်ခြင်း သဘောတရားများကို အခြေခံသည့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rule of Engagement) ကိုလည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ ပြည်သူလူထုအပေါ် ရန်ပြုတိုက်ခိုက်လာပါက ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ၊ တရားမဝင်လူစုလူဝေးအား ဖြိုခွင်းရာတွင် တပ်မတော်က ကူညီဆောင်ရွက် ပေးရသည့်အခါ လိုက်နာရမည့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားကြပ်မတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဥပဒေကိုကျော်လွန်ခြင်းမရှိဘဲ ဥပဒေဘောင် အတွင်းကသာ လိုက်နာဆောင်ရွက်ခဲ့ကြပါသည်။
၇။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်၏ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိအား စစ်ဆေးသုံးသပ် အကြံပြု တင်ပြနိုင်ရန်အတွက် ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေး ကော်မရှင်အား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးစီးသည့် အဖွဲ့ဝင် ၁၂ ဦးဖြင့် လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းထွန်းဦးစီးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ခဲ့မှုများသည် ဥပဒေနှင့် ညီ/မညီ စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်တွေ့ရှိရသည့် ဖြစ်စဉ် ၃ ခုနှင့် ပတ်သက်၍လည်းတရားဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လဖြစ်စဉ်နှင့်ပတ်သက်၍လည်း တပ်မတော်သားများအနေဖြင့် ပေးအပ်သည့်တာဝန်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးစီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ အရေးယူရန် ကိစ္စရပ်များရှိပါကလည်း တရားဥပဒေနှင့်အညီ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
၈။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အား ARSA အကြမ်းဖက်အဖွဲ့မှ ဦးဆောင်၍ ၎င်းတို့စည်းရုံးထားသော ဒေသခံဘင်္ဂါလီများ ပူးပေါင်းအင်အား ၄၀၀၀ ခန့်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသည့် ယင်းအကြမ်းဖက်တိုက်ခိုက်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ သူများနှင့် အခြားမျက်မြင်သက်သေများအား စိစစ်ဖော်ထုတ်ချက်အရ အကြမ်းဖက်တိုက်ခိုက်မှုကို ပါဝင်ဆောင်ရွက်ခဲ့ကြသူ ၂၂၂၂ ဦး၏ နာမည်နှင့်ရွာအမည်စာရင်းရရှိခဲ့ပြီး ၎င်းတို့အနေဖြင့် ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှုများတူညီသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင် သွားကြပါသည်။ ယင်းဒေသမှ ဒေသခံရခိုင် တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီတစ်ချို့နှင့် အစ္စလာမ်ဘာသာဝင် တစ်ချို့တို့သည် ၎င်းတို့အတွက် လုံခြုံမှုရှိမည်ဟုယူဆသည့် ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့များသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး ယခုအချိန်တွင် နယ်မြေအေးချမ်းလာမှုကြောင့် ၎င်းတို့၏နေရပ်များသို့ ပြန်လည်နေထိုင်လျက် ရှိပါသည်။ ယင်းအကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများက နေရပ်စွန့်ခွာထွက်ပြေးစေရန် ခြိမ်းခြောက်မှု၊ နှင်ထုတ်မှုများ ပြုလုပ်ခြင်းမရှိသော်လည်း အကြမ်းဖက်မှုလုပ်ရပ်များကြောင့် မိမိကိုယ်မိမိ လုံခြုံမှုမရှိဟုယူဆသူများသည် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ဘူးသီးတောင်၊ မောင်တောဒေသတွင် အကြမ်းဖက်မှု၌ ပါဝင်ပတ်သက်မှုမရှိသဖြင့် ထွက်ပြေးတိမ်းရှောင်မှုမရှိသည့် ဘင်္ဂါလီကျေးရွာများ၊ တစ်ချို့တစ်ဝက်သာ ထွက်ပြေးတိမ်းရှောင်ကြသည့် ဘင်္ဂါလီကျေးရွာများလည်းရှိနေပါသည်။ ယင်းအစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များကပင် ဘင်္ဂါလီလူမျိုးများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးစေရန် ကျေးရွာများရှိ နေအိမ်များကိုမီးရှို့ခြင်း၊ ထွက်မပြေးသူများအား ခြိမ်းခြောက်ခြင်း၊ အခြားနိုင်ငံများသို့ သွားရောက်ရန် ဖြားယောင်းစည်းရုံးခြင်းများဖြင့် ၎င်းတို့နေရပ်များမှ တိမ်းရှောင်ထွက်ပြေးစေရန် လုပ်ဆောင်မှုများရှိနေကြောင်း သိရှိရပါသည်။ အဆိုပါ ထွက်ပြေးတိမ်းရှောင်သွားသည့် ဘင်္ဂါလီများအား စိစစ်လက်ခံရေးအတွက် နိုင်ငံတော်အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့ ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ၁၉၉၂ခုနှစ် အေပြီလ ၂၈ တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲထုတ်ပြန်ချက်ပါ အချက်အလက်များနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့်အညီ စိစစ်ခြင်းအား လက်ခံမှု အခြေအနေများအရ ပြန်လည်စိစစ် လက်ခံသွားမည်ဖြစ်ပါသည်။
၉။ တပ်မတော်အနေဖြင့် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားချိန်တွင် လူမျိုး၊ဘာသာ မည်သည့် ခွဲခြားမှုမျှမရှိဘဲ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်နေကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား လုံခြုံမှုရှိသော နေရာဒေသများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ယင်းနေရပ်ရှောင်ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးခြင်း၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ နေရပ်ရှောင် ဒုက္ခသည်များအတွက် အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများအား တပ်မတော်လေယာဉ်၊ ရေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် လိုအပ်သည့်နေရာများသို့ အရောက်ပို့ဆောင်ပေးခြင်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း မှန်ကန်မျှတစွာ ဆောင်ရွက်ပေးရန်လိုအပ်ပြီး နိုင်ငံတော်အစိုးရ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရတို့ကလည်း ယင်းကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်နေရာတွင် တပ်မတော်အနေဖြင့်လည်း ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၁၀။ သို့ဖြစ်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အရေးကိစ္စတွင် လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှု စသည်တို့အားအကြောင်းပြ၍ နောက်ကွယ်မှ ရည်ရွယ်ချက်ရှိစွာဖြင့် ပြုမူလုပ်ဆောင်လာမှု များသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာသည့်အပေါ်တွင် အထူးသတိထား စောင့်ကြည့်ကာကွယ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Post a Comment