Header Ads

တပ်မတော်နှင့် တိုက်ပွဲကြီးများ ဖြစ်လာနိုင်ကြောင်း AA အဖွဲ့ စာထုတ်

တပ်မတော်နှင့် တိုက်ပွဲကြီးများ ဖြစ်လာနိုင်ကြောင်း AA အဖွဲ့ စာထုတ်


ယခုရက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်သည်ဆိုသော ထုတ်ပြန်ချက်တစ်စောင်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့
 သတင်းနှင့် ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၅ ရက်က ထုတ်ပြန်ထားသည်။


ယခုရက်ပိုင်းအတွင်း ပလက်ဝဒေသသို့ တပ်မတော်က AA လှုပ်ရှားမှု နယ်မြေများကို ထိုးစစ်
 အရှိန်မြှင့်လာသောကြောင့် တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ပြီး နီးစပ်ရာ ဒေသခံများ အနေနှင့် ခရီးသွားလာမှုများကို သတိထား သွားလာကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍
တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ
ဗိုလ်ချုပ်အောင်ရဲဝင်းထံ ဆက်သွယ်မေးမြန်းရာတွင်
ယင်းကိစ္စရပ်ကို ၎င်းအနေနှင့် မသိရှိရသေးကြောင်းပြန်လည် ဖြေကြားခဲ့သည်။

ဒေသခံများအနေနှင့် ခရီးသွားလာရာတွင်
ကုလားတန်မြစ်၊ ကလက်ချောင်းနှင့် ပီချောင်းတစ်ဝိုက်တွင် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်နှင့် အကယ်၍ မဖြစ်မနေ သွားရမည့် အခြေအနေများ ရှိလာလျှင်လည်း သတိကြီးစွာ ထားပြီး ဆင်ခြင်သွားလာကြရန် AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) သည် ပြီးခဲ့သည့် ၂၀၁၅ နှစ်ကုန်ပိုင်းခန့်က စတင်ကာ
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် NCA ရေးထိုးရခြင်း မရှိသေးသည့်
 မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ ပါဝင်သည့်
နိုင်ငံရေး မဟာမိတ် အဖွဲ့ (FCNPP) အတွင်း ပါဝင်နေသည်။

လက်ရှိ AA အဖွဲ့က ထုတ်ပြန်ထားသည့် ချင်းပြည်နယ် ပလက်ဝဒေသသည် AA အဖွဲ့အပြင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) တို့၏ အခြေစိုက်စခန်းများ တည်ရှိနေသည့်ဒေသ ဖြစ်သည်။

တအာင်း ပလောင် (TNLA)၊ ကိုးကန့် (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ကို ယခင်ဦးသိန်းစိန် အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ခြင်း မခံခဲ့ရသည့် အဖွဲ့များဖြစ်ပြီး တပ်မတော်က ယင်းအဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ်
ကြေညာထားသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မြန်မာနှင့် အိန္ဒိယနယ်စပ်ရှိ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဌာန ချုပ်ကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ALP ၏ စခန်းအချို့ကို လက်လွှတ်ခဲ့ရသည်။

J-08
The Voice

No comments

Note: Only a member of this blog may post a comment.