Header Ads

ရပ်ကျေးအုပ်ချုပ်ရေးမှူးပြန်လည်ရွေးချယ်ခြင်းနှင့် #ဒီမိုကရေစီမှတ်ကျောက်

#ရပ်ကျေးအုပ်ချုပ်ရေးမှူးပြန်လည်ရွေးချယ်ခြင်းနှင့်
#ဒီမိုကရေစီမှတ်ကျောက်

ဒီမိုကရေစီရဲ့ အသက်ဟာ Rule of law လို့ ဆိုကြပါတယ်။ ပြဌာန်းထားတဲ့ ဥပဒေနည်းလမ်း အတိုင်း လိုက်နာဆောင်ရွက်ခြင်းလို့ ဆိုလိုတာပါ။
ဥပဒေ အထိန်းအကွပ်မရှိဘဲ ထင်ရာစိုင်းခြင်းဟာ အာဏာရှင် စနစ်ပါဘဲ။ အာဏာရှင်စနစ်ကိုတော့ ဘယ်သူမှ လိုလားတောင့်တကြမှာ မဟုတ်ပါဘူး။
ဒါပေမယ့် အာဏာရှင်စနစ်ကို တော်လှန်ခဲ့သော ဒီမိုကရေစီဆိုတာကို တတွတ်တွတ်အော်ခဲ့သော ဒီမိုကရေစီအရေး လှုပ်ရှားခဲ့တဲ့  အစိုးရ လက်ထက်မှာ နင် လားဟဲ့ ဒီမိုကရေစီ လို့ မေးရပါတော့မယ်။ အာဏာရှင်စနစ်ဆိုတာမှာတောင် ကွန်မြူနစ်အာဏာရှင်စနစ် မဟုတ်။ စစ်အာဏာရှင်ထက်လည်း လက်စောင်းထက်နေတယ်။ ဒီတော့ ပဒေသရာဇ်ခေတ်ကို တည်ထောင်နေသလား ဆိုတာ တွေးစရာ ဖြစ်လာပြီ။


အခုရက်ပိုင်းမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ပြန်လည် ရွေးချယ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ တချို့နယ်တွေမှာ ကြေညာနေပြီလို့တောင် ကြားရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဥပဒေနည်းလမ်းတကျ လုပ်ဆောင်ချက် ဟုတ်မဟုတ်ဆိုတာ ပြောစရာ ဖြစ်လာပါပြီ။

ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေသည် ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်သက်တမ်းမှာ ဒီမိုကရေစီခေတ် ပထမဆုံး ပြဌာန်းခဲ့တဲ့ ဥပဒေအမှတ် ၁ ဖြစ်ပါတယ်။
ဒီဥပဒေကို ပြင်ဆင်သည့်ဥပဒေ
၂၀၁၂ ခုနှစ် မှာ ပထမအကြိမ် ပြင်ဆင်ခဲ့ပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အနေဖြင့် ဓမ္မခိုင်းစေမှု
ကို တားမြစ်ခဲ့ပါတယ်။
၂၀၁၆ခုနှစ်မှာ ဒုတိယအကြိမ် ပြင်ဆင်ခဲ့ပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများရဲ့ ရာထူးသက်တမ်းကို သတ်မှတ်ခဲ့ပြီး သက်တမ်းသည် သုံးကြိမ်ထက် မပိုစေရ လို့ တားမြစ်ခဲ့ပါတယ်။
 ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် မှာ တတိယအကြိမ် ပြင်ဆင်ခဲ့ပါတယ်။ တတိယအကြိမ်ပြင်ဆင်ချက်ဟာ ဥပဒေအသစ်ပြဌာန်းသလိုပါပဲ။ ပြင်ဆင်ဖြည့်စွက် ၁၉ ချက် ရှိခဲ့ပါတယ်။
အဓိပ္ပါယ်ဖွင့်ဆိုချက် ၅ ချက်၊
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊
ရွာအိမ်မှူး၊ ဆယ်အိမ်မှူး တို့တွင် ပြည့်စုံရမည့် အရည်အချင်းများ သတ်မှတ်ချက် ၅ ချက်၊
ရွေးချယ်ပုံ ၃ ချက်၊
တာဝန်ပေးအပ်ခြင်း ၄ ချက်၊
ပယ်ဖျက်ခြင်း ၄ ချက်တို့ ပါရှိပါတယ်။

ဒီနေရာမှာ ဆွေးနွေးစရာကတော့ ပုဒ်မ ၉ ပါ ပြဌာန်းချက် ဖြစ်ပါတယ်။
“၉။(က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်။ ယင်း၏ သက်တမ်းသည် တစ်ဆက်တည်း နှစ်ကာလ မပျက်စေရ။ သို့ရာတွင် အုပ်ချုပ်ရေးမှူးသက်တမ်း၏ ထက်ဝက် မပြည့်သော ကြားဖြတ်တာဝန်ယူသည့် ကာလကို ရာထူး သက်တမ်းတစ်ခုဟု မသတ်မှတ်ရ။
( ခ ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းသစ် ကာလတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
အသစ်ရွေးချယ်ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းတာဝန်များကို စနစ်တကျ လွှဲပြောင်းပေးရမည်။”

အခု လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေဟာ သက်တမ်ကာလ ၂ နှစ်အတွင်းပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၈ အုပ်စုရှိပါတယ်။ ဒါကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးပေါင်း ၁၆၆၇၂ ဦး ရှိနေပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းနှင့် အစားထိုးခန့်အပ်ခြင်း ဆိုတဲ့ ပြဌာန်းချက်တွေကို စိစစ်ဖို့ လိုအပ်ပါတယ်။

ပုဒ်မ ၁၄ မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရဲ့ ကျန်းမာရေးကြောင့် သော်လည်းကောင်း၊ မိမိ၏ ဆန္ဒအလျောက်သော်လည်းကောင်း တာဝန်မှနုတ်ထွက်ခွင့်ပြုထားပါတယ်။
တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းပြုနိုင်ဖို့ ဆိုရင်တော့ ဒီအချက်တွေထဲက ငြိစွန်းမှုဖြစ်ပေါ်မှသာ လုပ်ပိုင်ခွင့် ရှိပါတယ်။
ပုဒ်မ ၁၅။(ခ) အခန်း(၅)ပါ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊
(ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်း၊
(ဃ) အခြားအရပ်ဒေသ တစ်ခုခုသို့အမြဲတမ်း ပြောင်းရွှေ့ခြင်း၊
(င) ကွယ်လွန်ခြင်း၊
(စ) ဤဥပဒေအခန်း(၃)တွင် ပြဌာန်းထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အရည်အချင်း ပျက်ယွင်းခြင်း။

ဒီတော့ မေးပါရစေ။ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၁၆၆၇၂ ဦး လုံး ဖော်ပြပါ ပုဒ်မတွေနဲ့ ငြိစွန်းနေလို့ အခုလို အသစ်ရွေးချယ်ရေး လုပ်ရတာပါလား?

တပြည်လုံးအတိုင်းအတာဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ခြင်း ဆောင်ရွက်ခွင့် ဟာ သမ္မတအသစ်မှာပဲ လုပ်ခွင့် ရှိပါတယ်။ အခြားဘယ်သူမှာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ ဒီအချက် ပုဒ်မ ၉။ခ ပြဌာန်းချက်က ဖော်ပြနေပါတယ်။
ပုဒ်မ ၉။( ခ ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းသစ် ကာလတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ တာဝန်ထမ်းဆောင်ရ မည်ဖြစ်ပြီး လုပ်ငန်းတာဝန်များကို စနစ်တကျ လွှဲပြောင်းပေးရမည်။

နောက်ဆွေးနွေးရမည့် ပြဿနာကတော့
ချီးမြှင့်ထောက်ပံ့ငွေ ကိစ္စဖြစ်ပါတယ်။ အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် ရာထူးသက်တမ်း ၂ နှစ်အတွင်းသာ ရှိပါသေးတယ်။
ဒါကို အားလုံးဖယ်ရှားပြီး အသစ်ပြန်ရွေးမည်ဆိုသည်မှာ သက်တမ်းကာလပြည့်သတ်မှတ်ပေးရမည့် အခြေအနေ ရှိနေပါတယ်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကလည်း ၂၈။ (ခ) အရ ရပိုင်ခွင့်ကို တောင်းဆိုရပါလိမ့်မယ်။
"၂၈။ခ သက်တမ်းကာလအပြည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါက တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ။"
ဒီလိုလုပ်ခဲ့ရင် ဘာဆက်ဖြစ် နိုင်ပါသလဲ?
၉။(က) ပါ ပြဌန်းချက်များထဲမှ " အုပ်ချုပ်ရေးမှူးသက်တမ်း၏ ထက်ဝက် ထက်မပိုသော ကြားဖြတ်တာဝန် ယူသည့်ကာလကို ရာထူး သက်တမ်းတစ်ခုဟု မသတ်မှတ်ရ။" ဆိုတဲ့ ပြဌာန်းချက်ကို ချိုးဖောက်ပြီး ဖြစ်သွားပါ လိမ့်မယ်။

တဆက်တည်းမှာ နောက်ထပ် ပြဿနာတချက်က ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ အစားထိုးတဲ့ အုပ်ချုပ်ရေးမှူးရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အစားထိုးရွေးချယ်မည့် အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ ၃ နှစ် အတွင်းသာ ရှိပါလိမ့်မယ်။ သူတို့ရဲ့ ရာထူးကာလဟာ ပုဒ်မ ၁၆။ (ခ) မှာ " အစားထိုးတာဝန်ပေး အပ်ခြင်း ခံရသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ သက်တမ်း ကာလသည် နုတ်ထွက်ခွင့်ပြုခြင်း သို့မဟုတ် တာဝန်မှ ရပ်စဲခြင်းခံရသူ၏ ကျန်သက်တမ်းကာလ အတွက်သာ ဖြစ်ရမည်။" လို့ ပြဌာန်းချက်အရ ဖြစ်ပါတယ်။ ဒီတော့ ၃ နှစ်ကာလ တာဝန်ယူမှုကို သက်တမ်းပြည့်ထားပြီး တလုံးတည်း ချီးမြှင့်ငွေ ပေးမည်လား ဆိုတဲ့ ကိစ္စဟာ ပေါ်လာပါတယ်။

ဒီတော့ အခုလို ရပ်/ကျေး အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ခြင်းသည် ဥပဒေရေးရာအရ လွန်စွာမှားယွင်းနေပါတယ်။ အစိုးရအနေနဲ့ မိမိ ပြဌာန်းထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ အရေးကြီးလှပါတယ်။
Governing body က အမှားကြီး မှားနေရင် ပြည်သူကို ဦးဆောင်ဖို့ ဆိုသည်မှာ မအပ်မရာလို့သာ ပြောပါရစေ။
အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ခင်ဗျာ--- ကိုယ်တိုင် တဖွဖွပြောခဲ့သော
Rule of law ဆိုတာကို မိမိအစိုးရအနေနဲ့ လိုက်နာဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဒီမိုကရေစီ မှတ်ကျောက်မှာတော့ ငရဲမီး မဆိုထားနဲ့ လေတိုးတာနဲ့တင် အရောင်မဲ့နေပြီဆိုတာလည်း သတိပေးအပ်ပါကြောင်း

#DrKyawSwe(GuidingStar)

No comments

Note: Only a member of this blog may post a comment.