ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) ဆရာတော်များထံ လာရောက်တွေ့ဆုံ
ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) ဆရာတော်များထံ လာရောက်တွေ့ဆုံ
========================================
ဘာသာပေါင်းစုံဆုတောင်းပွဲများကိစ္စအပါအဝင်
သိလိုသည်များအား မေးမြန်းလျှောက်ထားခဲ့ကြ
--------------------------------------------------------
နိုဝင်ဘာ ၁၅
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ
အမေ ရိကန်ကော်မရှင်အကြီးအကဲနဲ့ တာဝန်ရှိသူများဟာ ၂ဝ၁၇ ခု၊ နိုဝင်ဘာလ ၁၅ ရက်၊ ညနေပိုင်းက
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို)ရုံးကို
လာရောက်ပြီး ဗဟိုဥက္ကဋ္ဌဆရာတော်ကြီးအပါအဝင် ဦးဆောင်ဆရာတော်များထံ တွေ့ဆုံမေးမြန်း လျှောက်ထားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
U.S Commission on International Religious Freedom အဖွဲ့၊ ဒေါက်တာ Tenzin Dorjee, ဒုတိယဥက္ကဋ္ဌ Kristina Arriaga de Bucholz နဲ့
အဖွဲ့ဝင်များဟာ ညနေ ၄ နာရီအချိန်က
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)ကို ရောက်ရှိလာပြီး ဥက္ကဋ္ဌဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၊
ငါးကျမ်းပြန်ဆရာတော် ဒေါက်တာအရှင်ဓမ္မပိယတို့အပါအဝင် ဗဟိုဦးဆောင်ဆရာတော်များနဲ့
တစ်နာရီကျော်ကြာ တွေ့ဆုံမေးမြန်းမှုတွေ
ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ
အမေရိကန်ကော်မ ရှင်ဟာ အမေရိကန်လွှတ်တော်က တိုက်ရိုက်ခန့်အပ်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့်ကိစ္စတွေကို
မျှမျှတတ စုံစမ်းတင်ပြသွားဖို့ရှိ ကြောင်း၊ သူတို့အနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်အကြောင်း လေ့လာဆွေးနွေးတဲ့နေရာမှာ အမေရိကန်စံနှုန်းနဲ့မဟုတ်ဘဲ နိုင်ငံတကာစံနှုန်းတွေနဲ့ ချိန်ထိုးလေ့လာသူတွေသာ ဖြစ်ကြောင်း
တင်ပြပြောဆိုသွားပါတယ်။
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) ဆရာတော်များထံက သိလိုသည်များကို မေးမြန်းဆွေးနွေးရာမှာတော့
မြန်မာနိုင်ငံအတွင်း ကျင်းပတဲ့
ဘာသာပေါင်းစုံဆုတောင်းပွဲတွေမှာ ရဟန်းသာမဏေများ၊ သီလရှင်များ မတက်ရောက်ဖို့ မိန့်ကြားခဲ့တဲ့ မဟနအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ပတ်သက်ပြီး ဆရာတော်များရဲ့ အမြင်ကို မေးမြန်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လပိုင်းများအတွင်း မဘသဆိုင်းဘုတ်တွေကို
ဖြုတ်သိမ်းပေးဖို့ မဟနအဖွဲ့ကြီးက ညွှန်ကြားခဲ့ဖူးပေမဲ့ မဘသကနေ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီးအဖြစ် နာမည်ပြောင်းလဲပေးခဲ့တဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးဆရာတော်များကတော့
ဘာသာပေါင်းစုံဆုတောင်းပွဲတွေနဲ့ပတ်သက်လို့ မဟနရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး ဝေဖန်စရာမရှိကြောင်း
ထောက်ခံပြောကြားသွားခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဖွဲ့စည်းပုံ၊
လုပ်ဆောင်ချက်များ၊ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း
အွန်လိုင်းပေါ်မှာ လှုပ်ခတ်ပဲ့တင်ဖြစ်ခဲ့တဲ့
သီတဂူဆရာတော်ကြီးရဲ့ ဟောကြားချက်စတာတွေနဲ့
ပတ်သက်ပြီးလည်း ဘာသာရေးလွတ် လပ်ခွင့်
ကော်မရှင်အဖွဲ့တာဝန်ရှိသူများက
မေးမြန်းသွားခဲ့ကြောင်း သိရပါတယ်။
(မှတ်ချက်။ ။ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်နှင့် ဆရာတော်များ၏ တွေ့ဆုံမှုသတင်းအပြည့်အစုံကို မြန်မာ့ဥဒါန်းဂျာနယ်တွင် စောင့်မျှော်ဖတ်ရှုနိုင်ပါကြောင်း)။
#Credit; Ganda Sara

Post a Comment