Header Ads

ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် နိုင်ငံရေးချောက်ကမ်းပါး

ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် နိုင်ငံရေးချောက်ကမ်းပါး
_________________________________________

နိုဝင်ဘာ၁၃


  • ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံအတွင်းမှာ ပြဌန်းတည်ရှိနေတဲ့ ဥပဒေအားလုံးရဲ့ အခေါင်အချုပ်ဖြစ်ပါတယ်။ ဥပဒေတစ်ခုခုက ပြဌာန်းချက် တစ်ရပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်နဲ့ ဆန့်ကျင့်ဘက်ဖြစ်နေခဲ့ရင် ဖွဲ့စည်းပုံပါ ပြဌာန်းချက်အရပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် ပြဌာန်းချက်ဟာလည်း အလိုအလျှောက် ပျက်ပြယ်ပြီး ဖြစ်ပါတယ်။



အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဆန့်ကျင်လုပ်ဆောင်ကြရင်လည်း အလိုအလျှောက်ပျက်ပြယ်ပြီး ဖြစ်နေပါလိမ့်မယ်။ ဒီကနေ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ဖျက်ပြီး အသစ်ရေးဆွဲရေးဆိုတဲ့စကား ခပ်ကျယ်ကျယ်ကြားလာရပါပြီ။ နေ့ထူးနေ့မြတ်ဦးတည်ချက်မှာတောင် ဖော်ပြလာတာ တွေ့နေရပါပြီ။
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးဆိုတာ စိတ်ကူးမရင် စကောင်းဘူးလို့ ပြောချင်ပါတယ်။ ဒီလိုပြောလို့ ၂၀၀၈ အခြေခံဥပဒေကြီးကို ကြိုက်လှပါလား လို့တော့ မထင်လိုက်ပါနဲ့။ ၂၀၀၈ အခြေခံဥပဒေက ပြင်ဆင်သင့်တဲ့ ပုဒ်မတွေကို အရင်က ဆောင်းပါးတွေမှာ ဖော်ပြခဲ့ပြီးပါပြီ။
မြန်မာ့သမိုင်းမှာ အခြေခံဥပဒေ ၃ ရပ် ပေါ်ထွန်းပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၄၇၊ ၁၉၇၄၊ ၁၉၈၈  ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေတို့ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေ ၃ ခုကို နှိုင်းယှဉ်လေ့လာကြည့်ပြီး မြန်မာ့သမိုင်းဟာ တိုးတက်လာသလား၊ ဆုတ်ယုတ်လာသလားဆိုတာ အစွဲကင်းကင်းနဲ့ ရှုမြင်သုံးသပ်ဖို့ လိုပါတယ်။  ၆၁ နှစ်အတွင်း အခြေခံဥပဒေ ၃ ရပ် ပြဌာန်းခဲ့တဲ့ နိုင်ငံဆိုတာကတော့ ကမ္ဘာ့ ထိပ်သီးလို့ ပြောလိုက်ချင်ပါရဲ့။ မြန်မာဆိုတာ စိတ်မြန်လက်မြန်ရှိတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ နေရာလို့တောင် ပြောစမှတ်ပြုရတော့မယ် ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ အာဏာသက်ဝင်ခဲ့တာ ၂၀၁၀ ခုနှစ်ကပါ။ ၆ နှစ်သား အခြေခံဥပဒေကို အစားထိုးဖို့ အသစ်ရေးဆွဲမယ်ဆိုတာကတော့ ငါ့ခေတ် ငါ့စနစ်မှာ ငါဖြစ်ချင်တာ ဖြစ်ရမယ်ဆိုတဲ့ မာန် ရိပ်ကို လှစ်ပြလိုက်တာပါပဲ။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာနဲ့၊ ဖြစ်နိုင်တာမှာ ဘယ်ကို စ ကိုင်လို့ ရပါမည်လဲ?
၁၉၄၇ အခြေခံဥပဒေကို ဘာကြောင့် လွယ်လွယ်နဲ့ ဖျက်သိမ်းနိုင်ခဲ့တာပါလဲ?
၁၉၇၄ အခြေခံဥပဒေကိုလည်း ဘာကြောင့် လွယ်လွယ်နဲ့ ဖျက်သိမ်းနိုင်ခဲ့ကြတာပါလဲ?
၂၀၀၈ အခြေခံဥပဒေကိုကော အရင်လို လွယ်လွယ်နဲ့ ဖျက်သိမ်းလို့ ရနိုင်ပါမည်လား?
ဒီမေးခွန်း ၄ ခုကို ကြိုးစားဖြေကြည့်ပြီးမှ ရှေ့ဆက် ဖတ်စေချင်ပါတယ်။ ၁၉၄၇အခြေခံဥပဒေမှာ လွှတ်တော်ဖျက်သိမ်းခွင့်ကို သမ္မတကို ပေးအပ်ထားပါတယ်။ ဒီအချက်ကို အသုံးချပြီး ဝန်ကြီးချုပ်ဦးနုဟာ နိုင်ငံတော်သမ္မတကြီးကို တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့်ပဲ ၁၉၄၇ အခြေခံဥပဒေဟာ အလွယ်တကူ ကွယ်ပျောက်သွားခဲ့ပါတယ်။
၁၉၇၄ အခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော် ဖျက်သိမ်းခွင့်ကို ပြဌာန်း မထားပါဘူး။ ဒါပေမယ့် တစ်ပါတီစနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ကို သွားမယ်လို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့အတွက် တစ်ပါတီစနစ်ကို အခြေခံရေးဆွဲထားတဲ့ အခြေခံဥပဒေဟာ ပယ်ဖျက်ပြီး ဖြစ်သွားခဲ့ရပါတယ်။ ဒီကနေ့ ၂၀၀၈ အခြေခံဥပဒေမှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ မပြောနဲ့ ဝင်ရောက်စွက်ဖက်ခွင့်ကိုတောင် ဘယ်သူ့ကိုမှ ပေးမထားပါဘူး။ သမ္မတကိုတောင် ပြည်ထောင်စုလွှတ်တော်ကနေ စွပ်စွဲပြစ်တင် ဖြုတ်ချခွင့် ပေးထားပါတယ်။ တကယ်တော့ ဒီကနေ့ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်ဟာ ပြည်ထောင်စုလွှတ်တော်သာ ဖြစ်ပါတယ်။  နောက် အရေးအကြီးဆုံးအချက်ကိုလည်း ပြောပြချင်ပါတယ်။ ၁၉၄၇ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ဘယ်အဖွဲ့အစည်းကိုမှ ပေးမထားခဲ့ပါဘူး။ ဒါကြောင့်လည်း သမ္မတအမိန့်နဲ့ ဖျက်သိမ်းခံခဲ့ရတာပါ။ ၁၉၇၄ အခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက်ဖို့ ဘယ်အဖွဲ့အစည်းကိုမှ တာဝန် မပေးအပ်ထားခဲ့ပါဘူး။ ဒါကြောင့်ပဲ ပျက်သုဉ်းသွားခဲ့ရတာပါ။ ၂၀၀၈ အခြေထံဥပဒေကို ရေးဆွဲတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွယ်ဖျက်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပျက်သုဉ်းခြင်း မဖြစ်စေရေးကို အဓိက အချက်တစ်ချက်အနေနဲ့ စဉ်းစားခဲ့ကြပါတယ်။ အခြေခံဥပဒေ ဖျက်သိမ်းခွင့် မပေးထားရုံနဲ့ မလုံလောက်မှန်းလည်း ဥပဒေပညာရှင်တွေက မြင်ထားပါတယ်။ ဒါကြောင့် အခြေခံဥပဒေကို အရှည်တည်တံ့ခိုင်မာစေဖို့ အဖွဲ့အစည်း တစ်ရပ်ရပ်ကို တာဝန်ပေးဖို့ပြဌာန်းချက်ထည့်သွင်းခဲ့ပါတယ်။ ဒီတာဝန်ကို ဘယ်လို အဖွဲ့အစည်းကို ပေးအပ်သင့်ပါသလဲ? ဘယ်အဖွဲ့အစည်းဟာ အခိုင်မာဆုံး ဖြစ်ပါမည်လဲ? ဘယ်အဖွဲ့အစည်းဟာ စနစ်တကျ ရှိပါမည်လဲ? ဒါကြောင့် တပ်မတော်ကို အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် သတ်သတ်မှတ်မှတ် တာဝန်ပေးအပ်ထားခဲ့ ဖြစ်ပါတယ်။ ဒါသည် မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မကြာခဏ ရေးဆွဲပြဌာန်းရခြင်းဆိုတဲ့ အရှက်တရားကို ထာဝရ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့ တပ်မတော်ကို အရပ်ဖက်အုပ်ချုပ်ရေး အောက်ကနေ ဖယ်ထုတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြောဟာ ကျုပ်ဟာ စစ်ဖိနပ်အောက်မှာ နေချင်သူလို့ မမြင်လိုက်ပါနဲ့။ ဖိနှိပ်မှု မှန်သမျှကို တွန်းလှန်ဖို့ အမြဲအသင့်ရှိနေခဲ့သူပါ။ ဒီအတွက် ကျောင်းထုတ်လည်း ခံခဲ့ရဖူးတယ်။ စသ်ကြောရေးရဲ့ အထုအထောင်းလည်း ခံခဲ့ရဖူးတယ်။ အချုပ်အခြယ်လည်း ခံခဲ့ရဖူးတယ်။ ဒီအတွက် ဘယ်တုန်းကမှ နောက်တွန်းခဲ့သူ မဟုတ်ခဲ့ပါဘူး။ ဒီကနေ့ အပြောအဆို ဆောင်ရွက်ချက်တွေဟာ ရရှိနေတဲ့ ဒီမိုကရေစီအတွက် အန္တရာယ်ကို ဖိတ်ခေါ်နေတာ မြင်တတ်ဖို့ ထောက်ပြခြင်းသာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ငါ့ခေတ် ငါ့စနစ် လုပ်လို့ မရပါဘူး။ နိုင်ငံရဲ့ သမိုင်းအခြေခံနဲ့ အနာဂတ် လှပရေးကို အများပြည်သူ ဆန္ဒအတိုင်း ခရီးဆက်ရေးသာ လမ်းမှန်ဖြစ်ပါလိမ့်မယ်။ မြန်မာ့ဒီမိုကရေစီ ခရီး ဖြောင့်ဖြူးပါစေ။ နိုင်ငံတကာမှာ နိုင်ငံရေးသိက္ခာမြင့်မားတဲ့ နိုင်ငံအဖြစ် တည်မြဲနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

crd. Dr Kyaw Swe

No comments

Note: Only a member of this blog may post a comment.